စေတုတ္တရာ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က (၂)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း၊ လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်အကြောင်းအရာများကို အသိပညာပေးဟောပြောခြင်း၊ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွန်းက လူငယ်နှင့်ပညာရေးဆိုင်ရာအကြောင်းအရာများ၊ ကျောင်းသား/သူများ မိမိဘဝတိုးတက်စေရန် ပြုမှုနေထိုင်ရမည်အကြောင်းအရာများဟောပြောခြင်းနှင့် အ.မ.က (၂)ကျောင်းအုပ်ဆရာကြီး ဦးကြည်စိုးက အတတ်ပညာသာမက အသိပညာပြည့်ဝရန်ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ စေတုတ္တရာမြို့နယ် အ.မ.က(၂) ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ ရသစာအုပ်များပြသ၍ (၄၅)မိနစ်ခန့် ရသစာအုပ်များဖတ်ရူလေ့လာစေကာ ဖတ်ရူမှုတွင် မှတ်သားထားမှုများအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ပေးပြီးနောက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး စသည့် နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)