ပွင့်ဖြူမြို့နယ် အင်းကုန်းကျေးရွာ (အ.လ.က-ခွဲ)ကျောင်း၌ သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ  ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သစ်တောလုပ်ငန်းများတွင် ပြည်သူလူထု တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက အင်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်ဦးက သစ်တောနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောသစ်ပင်များ၏ အရေးပါမှု အခန်းကဏ္ဍများ၊ သစ်ပင်များ ပျိုးထောင်စိုက်ပျိုးသည့် နည်းစနစ်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းပတ်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန်အတွက် အင်းကုန်းကျေးရွာအခြေခံပညာ ကျောင်းဝင်း မြေကွက်လပ်၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ ပူးပေါင်းအဖွဲ့က ကျွန်း၊ မယ်ဇယ်၊ စိန်ပန်း၊ ခရေ၊ တမာ စသည့် အရိပ်ရပျိုးပင် ၁၅၀ အား စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)