မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျုတာ (အချိန်ပိုင်း) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဩဂုတ် ၁၆

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျုတာ (အချိန်ပိုင်း) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် အမျိုးသားရေးစိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံပြည့်ဝသော အသက်မွေးကျောင်းပညာကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ အခြေခံစာရင်းရေး စာရင်းကိုင်နှင့် ကွန်ပျူတာဘာသာရပ်များကို သင်ကြားပို့ချခြင်းဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ ရုံးဌာနအသီးသီးမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများအတွက် အထောက်အကူပြုစေရန်နှင့် ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းနယ်ပယ်များမှာ ပုဂ္ဂလိကကုမ္ပဏီများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရရုံးအဖွဲ့အစည်းများအစရှိသော စီးပွားရေးလုပ်ငန်းများတွင်စာရင်းရေး၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုပညာရပ်များမှာ တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးပြုဆောင်ရွက်လာကြတာကို တွေ့မြင်နေရပြီး ၎င်းပညာရပ်များ တတ်မြောက်ထားသော အနာဂတ်လူငယ်များအတွက်လည်း ပြည်တွင်းပြည်ပအလုပ်အကိုင် အခွင့်အလမ်းရရှိမှုများ တိုးတက်မြင့်မားလာပြီး အောင်မြင်မှုများ ရရှိနေတာကိုလည်း တွေ့မြင်ရပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချပေးမယ့် ပညာရပ်တွေကို အလေးထားသင်ယူပြီး သင်တန်းချိန် မှန်မှန်တက်ရောက်၍ ဆရာ/ဆရာမတွေရဲ့ သင်ကြားပေးမှုတွေကို ဂရုတစိုက် နားထောင်လေ့လာ မှတ်သားကြစေလိုကြောင်းနှင့် သင်တန်းကိုလည်း ပြီးဆုံးသည်အထိ တက်ရောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) မှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းတင်ပြခဲ့ပြီး၊ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၁ ဦးအား အခြေခံစာရင်းရေးသွင်းခြင်းပညာ၊ လယ်ဂျာစာရင်းနှင့် နှစ်ဖက်သွင်းစာရင်းရေးသွင်းနည်းစနစ်၊ မတည်အသုံးစရိတ်နှင့် သာမန်အသုံးစရိတ် ဘဏ္ဍာရေးရှင်းတမ်း ရေးဆွဲခြင်း၊ စာရင်းအမှားပြင်နည်းစနစ်များ ဘဏ်ကိုက်ညှိရှင်းတမ်းစသည်တို့ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိလည်းကောင်း၊ ကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၄ ဦးအား  ကွန်ပျူတာပညာမိတ်ဆက်၊ စာစီစာရိုက်၊ ဖော်မြူလာများဖြင့် စာရင်းဇယားရေးဆွဲခြင်း၊ ရုပ်ပုံကားချပ်များဖြင့်တင်ပြခြင်း၊ ကွန်ပျူတာကွန်ရက်နှင့် အီးမေလ်ဖြင့် သတင်းအချက်အလက်ပေးပို့ခြင်းစသည်တို့ကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင်လည်းကောင်း သင်တန်းနည်းပြများက ဩဂုတ်လ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ နှစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ