နတ်တလင်းမြို့နယ်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

နတ်တလင်း သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲအခမ်းအနားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမောင်မောင်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးလှမျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရခြင်းသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးအတွက် အခြေခံကြောင်း၊ ပြိုင်ပွဲဝင်အချင်းချင်းချစ်ကြည်ရင်းနှီးမှုရစေခြင်းတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်များမှ ခေတ်ဟောင်ကာလပေါ်တေး ဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၆)ဦး၊ မဟာဂီတဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၂)ဦး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၂)ဦး ၊ အကဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၄)ဦး၊ အရေးဘာသာရပ်ဖြင့် (၂)ဦး၊ ပတ္တလားဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၂)ဦး၊ တယောဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၂)ဦး၊ မယ်ဒလင်ဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၂)ဦး၊ စန္ဒရားဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၁)ဦး၊ ဆိုင်းဝိုင်းတစ်ဦးချင်း ဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၂)ဦး၊ ဂီတာဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၁)ဦး၊ ဒုံမင်းဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၁)ဦး၊ ပုလွေဘာသာရပ်ဖြင့် ပြိုင်ပွဲဝင်(၁)ဦး၊ နှဲဘာသာရပ်ဖြင့်ပြိုင်ပွဲဝင်(၁)ဦး၊ စုစုပေါင်းပြိုင်ပွဲဝင်(၂၉)ဦးတို့မှ ကဏ္ဍအလိုက် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် တာဝန်ရှိသူများ၊ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အကပညာရှင်၊ အဆိုပညာရှင်များ၊ အရေးပညာရှင်များ၊ အတီးပညာရှင်များ၊ (၄)မြို့နယ်မှ ပြိုင်ပွဲဝင် အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ဆုရရှိသည့်ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)