ဘားအံ ဩဂုတ် ၁၅
ကျောင်းသားလူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများ ဖြစ်လာစေရေးအတွက် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ အမှတ်(၄)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတနှင့်ပြည့်စုံစေရေး ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)