ကြံခင်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုရွှေက ကလေးသူငယ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် ကလေးသူငယ်များ၏ အခွင့်အရေး သိရှိစေရန်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စာချုပ်များအကြောင်း သိရှိစေရန်၊ ကလေးသူငယ်များ၏ ကျင့်ဝတ်စည်းကမ်း၊ မိဘအုပ်ထိန်းသူများ၏ ကျင့်ဝတ်စည်းကမ်းများကို သိရှိစေရန်နှင့် လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်ပပဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉) ခုနှစ်အား အသိပညာပေး ဆွေးနွေးပြောကြားပြီး ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ကျောင်းသေား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြံခင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသေား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)