လွိုင်ကော် ဩဂုတ် ၁၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဥပဒေအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ Grade(11) နှင့် Grade(12) ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သလို ဥပဒေကို လေစားလိုက်နာသည့် အလေ့အကျင့်များကို ငယ်စဉ်ကတည်းကပင် သင်ကြားပေးသွားရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်သည့်နိုင်ငံသားများကသာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း စာပေတတ်မြောက်ရန်သာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ကျောင်းသား/ကျောင်းသူများဖြစ်ရန် သင်ကြားလေ့ကျင့်ပေးသွားရမည်ဖြစ်ကြောင်း၊ ယနေ့ဟောပြောပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် သိသင့်သိထိုက်သော တည်ဆဲဥပဒေများကို သက်ဆိုင်ရာဥပဒေပညာရှင်များက ရှင်းလင်းဟောပြော သွားမည်ဖြစ်သည့်အတွက် လေ့လာမှတ်သားကြစေလိုကြောင်း၊ ဥပဒေများကို သိရှိလိုက်နာခြင်းဖြင့် မိမိဘဝတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ရရှိစေမှာ ဖြစ်ပါကြောင်း၊ မိမိတို့နေ့စဉ် လူမှုဘဝနေထိုင် ဆောင်ရွက်ကြရာတွင် ဥပဒေများကို သိရှိလိုက်နာဆောင်ရွက်ပါက အန္တရာယ်ကင်းရှင်းစွာ နေထိုင်သွားလာနိုင်မည်ဖြစ်ပါကြောင်း ၊ ကျောင်းသား/ ကျောင်းသူများအားလုံး ဥပဒေအသိပညာပေးခြင်းများကို မိမိတစ်ဦးချင်းသာမက မိမိပတ်ဝန်းကျင်ရှိသူများကိုလည်း အသိပညာပေးမျှဝေပေးကြရန် မှာကြားလိုကြောင်း၊ ဥပဒေအသိပညာသိရှိတိုးပွားပြီး အမှားနှင့်အမှန်၊ အဆိုးနှင့်အကောင်း ၊ ဓမ္မနှင့် အဓမ္မကိုခွဲခြား သိရှိနိုင်သည့် လူတော်လူကောင်းများဖြစ်လာစေရေး ကျင့်ကြံဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်ရုံး ၊ ပြည်နယ်ဥပဒေအရာရှိက ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
အခမ်းအနားပြီးနောက် ဥပဒေအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းနှင့် ခရိုင် ၊ မြို့နယ် ဥပဒေအရာရှိများက Grade(11)နှင့် Grade(12) ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာရရှိစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပါအဝင် ကျောင်းသား ၊ ကျောင်းသူများ အခြေခံသိရှိထားသင့်သည့် နိုင်ငံတော်၏ တည်ဆဲဥပဒေ(၁၅)ခုကို ယနေ့တစ်နေ့တာအတွင်း ကျောင်းသား၊ ကျောင်းသူများအား ပြည့်စုံစွာဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)