ရှမ်းရွာသစ် ဩဂုတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသနေတောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစော မောင်အေး၏ လယ်ယာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါအသိပညာပေးမြေစိုက်နံရံကကပ်ပြဘုတ်တွင် အရန်မျိုးစပါး/အရန်ပျိုးရရှိရန် ဆောင်ရွက်ခြင်း၊ အရန်ပျိုးထောင်နည်းစနစ်များ၊ စိုက်ပျိုးမြေပြုပြင်ခြင်း၊ ကြဲပက်ခြင်း (သို့) စိုက်ပျိုးခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း စသည့် အချက်များပါဝင်ပြီး တောင်သူများ ရေကြီးနစ်မြုပ်ပျက်စီးသွားသော စပါးစိုက်ဧကများ အချိန်မီအပြည့်အဝ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ သဘာဝဘေးအန္တရာယ်ကြောင့် တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် တောင်သူများ၏ လယ်ယာမြေများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ လယ်ယာ (၁၂၈)ဧက ပျက်စီးသွားခဲ့ပြီး တောင်သူများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြေစိုက်နံရံကပ်ပြဘုတ်ကို ပြသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)