ညောင်လေးပင် ဩဂုတ် ၁၆
မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ညောင်လေးပင်မြို့၊ အာဇာနည်လမ်းရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ ညောင်လေးပင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ်ဒိုင်ချုပ်ဖြစ်သည့် ဦးလူလှမှ အကဲဖြတ်ဒိုင်အဖွဲ့များအား တစ်ဦးချင်းမိတ်ဆက်ကာ ပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းများအားပြောကြားခဲ့သည်။ ဆက်လက်၍ ဖျော်ဖြေရေးအဖွဲ့မှ ဧည့်ခံဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် အကဲဖြတ်ဒိုင်အဖွဲ့အား တာဝန်ရှိသူများမှ ဂုဏ်ပြုလက်ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ညောင်လေးပင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်၊ ဒိုက်ဦးမြို့နယ်များမှအခြေခံပညာ(၁၀-၁၅) အဆိုမဟာဂီတ(ကာလပေါ်)၊ အက(စန္ဒယား)၊ ဆိုင်တီး၊ အတီး(မယ်ဒလင်)နှင့် အခြေခံပညာ(၁၅-၂၀) အဆို(ကာလပေါ်)၊ အဆို(မဟာဂီတ)၊ အတီး(တယော)၊ ဝါသနာရှင်ပထမတန်း၊ ဝါသနာရှင်ဒုတိယတန်း၊ အဆို(မဟာဂီတ)(အမျိုးဂုဏ်)ခေတ်ဟောင်းကာလပေါ်၊ ပတ္တလား၊ အက စုစုပေါင်းမြို့နယ်ကိုယ်စားပြုပြိုင်ပွဲဝင် (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)