ငဖဲ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုအခြေအနေများ၊ လူကုန်ကူးမှုအန္တရာယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများ၊ အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ခြင်္သေ့အိုကြီးရဲ့ အကြံပုံပြင်ကို ကျောင်းသား/သူများအား အသိပညာပေး ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)