မင်းဘူး(စကု)မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပ

မင်းဘူး ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများပူးပေါင်းပြီး ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုဖြစ် ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲများအဖြစ် အထက်တန်းအဆင့် အာဟာရအချက်အပြုတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ဗဟုသုတမေးခွန်းပေါင်း ၁၀၀ ဖြေဆိုခြင်း၊ မူလတန်းအဆင့် ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စု၊ ရောဂါကိုကာကွယ်စေသော အစာအုပ်စုနှင့် အင်အားကိုဖြစ်စေသော အစာအုပ်စုဟူ၍ အစာအုပ်စု(၃)မျိုးအား ဆေးရောင်ချယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ(ထက်၊ လယ်၊ မူ)အဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂၈ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါယှဉ်ပြိုင်နေမှုများကို ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကျန်းမာရေးသီတင်းပတ် အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုများဖြစ် မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ၅ နှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့ ရောဂါများပပျောက်ရေး ရက်သတ္တပတ်ဟူ၍ အပတ်စဉ်သတ်မှတ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)