ပေါင်းတည် သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖော၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးရဲမင်းသူ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ရပ်ရွာများ၊ အခြေခံပညာကျောင်းများ၌ လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို အကျယ်တဝံ့ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျန်းမာရေးမှူးများနှင့်ဝန်ထမ်းများက အာဟာရအုပ်စုများအကြောင်း လက်တွေ့ရှင်းလင်းပြသကြပြီး တက်ရောက်လာကြသူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီးနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးမှူးများက ဗဟုသုတမေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် မိခင်နှင့်ကလေးငယ်များအတွက် ထောက်ပံ့ပစ္စည်းများ၊ အာဟာရအစားအစာများပေးအပ်ခဲ့ကြပြီး ကလေးငယ်များကို ကာကွယ်ဆေးများတိုက်ကျွေးခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိသည်။
ရွှေသား(ပြန်/ဆက်)