ထားဝယ် ဩဂုတ် ၁၆
၂ဝ၂၄ ခုနှစ်၊ ထားဝယ်မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအသက် (၂၀)နှစ်အောက်အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ထားဝယ်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးအား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က ပြည်သူတစ်ရပ်လုံးအားကစားကို စိတ်ပါဝင်စားစွာဖြင့် အရှိန်အဟုန်မြှင့်ပါဝင်လာပြီး ထူးချွန်ထက်မြက်သော မြို့နယ်/ခရိုင်/ တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအထိ မွေးထုတ်ပေးနိုင်စေရန်အတွက် အားကစားလုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲသည် ထားဝယ်မြို့နယ် ကိုယ်စားပြုအရည်အချင်းရှိသည့် အားကစားသမားများ စိစစ်မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သလို အခြေခံပညာကျောင်းအသီးသီးမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာပြီးအားကစားသမားအချင်းချင်း သွေးစည်း ညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသည့် မြို့နယ်ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင် ကစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အမျိုးသမီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကိုဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းအသင်းက(၅)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိသည်။
မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၂၀)နှစ် အောက်အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမျိုးသား(၁၂)သင်း၊ အမျိုးသမီး(၄)သင်းဖြင့် ဩဂုတ်လ ၂၉ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)