လက်ပံတန်း ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမင်းထွန်းက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကိုလည်း လေ့လာရန်လိုကြောင်းပြောကြားပြီး လူငယ်နှင့်စာဖတ်ခြင်းနှင့် လူငယ်နှင့်ယဉ်ကျေးမှုတို့အကြောင်း ဟောပြောဆွေးနွေးသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အ.မ.ကပေါက်ကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်သူများအား တာဝန်ရှိသူများက လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)