မကွေး သြဂုတ် ၁၆
မကွေးမြို့ နည်းပညာတက္ကသိုလ်(မကွေး)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆွေးနွေးဟောပြောပို့ချမည့်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း လူငယ်များ အသိပညာကြွယ်ဝဖို့ဟာ အနာဂတ်နိုင်ငံတော်အတွက် အလွန်အရေးကြီးပါကြောင်း၊ “အသိပညာပေးဟောပြောပွဲ”မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးနဲ့ ဥပဒေအကြောင်း သိကောင်းစရာတွေကို ဟောပြောပို့ချမှာဖြစ်တယ်လို့ သိရပြီး၊ မကွေးတိုင်းဒေသကြီးမှာ (၁၀)နှစ်အတွင်း ယာဉ်အစီးရေ (၁.၃၆)ဆတိုးလာခဲ့၍ ယာဉ်မတော်တဆမှုတွေ များလာနိုင်တာလည်းဖြစ်ပါကြောင်း၊ အစိုးရအနေနဲ့ အသိပညာပေးတာတွေ၊ စစ်ဆေးတာတွေ၊ အပြစ်ပေးအရေးယူရတာတွေလုပ်ရကြောင်း၊ ဒီလိုလုပ်ရတဲ့အထဲမှာ အသိပညာပေးတာဟာ အသက်သာဆုံးနဲ့ အထိရောက်ဆုံးလုပ်ငန်းလည်းဖြစ်ပါကြောင်း၊ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် မကွေးတိုင်းဒေသကြီးမှာ (၂၀၂၃)ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း (၂၉၄)ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာရတဲ့သူ (၄၀၀)ကျော်၊ သေတဲ့သူ (၁၅၀)ကျော်နဲ့ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း(၁၂၀၀)ကျော်ရှိခဲ့ပါကြောင်း၊ ဒီဖြစ်ပွားမှုတွေကို ဆန်းစစ်ကြည့်တဲ့အခါ ယာဉ်မောင်းစည်းကမ်းမရှိလို့ဖြစ်တာ (၉၄%)ကျော်၊ လမ်းကူးသူပေါ့ဆတာကြောင့်ဖြစ်တာက (၄%)ကျော်၊ ယာဉ်ချို့ယွင်းတာကြောင့် ဖြစ်တာက(၂%) နီးပါး၊ လမ်းချို့ယွင်းလို့ ဖြစ်တာက အနည်းငယ်ရှိတာတွေ့ရကြောင်း၊ မူးယစ်ဆေးဝါးကလည်း လူတွေကို အတော်ဒုက္ခရောက်စေပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကမ္ဘာတစ်ဝန်း၌ ကြီးထွားနေဆဲဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးအောင်ဖန်တီးလျက်ရှိသကဲ့သို့ ကမ္ဘာပေါ်ရှိနိုင်ငံများကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိနေသဖြင့် နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းချိတ်ဆက်၍ ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းလျက်ရှိတာကို တွေ့ရကြောင်း၊ မျက်မှောက်ကာလတွင် ဘိန်းကို အခြေခံထုတ်လုပ်သည့် ဆန်းပြားသောမူး ယစ်ဆေးဝါးအမျိုးမျိုးတို့ ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်နေတာကို သတိပြုရမှာဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သလို ဖော်ထုတ်နေဆဲပဲဖြစ်ပါကြောင်း၊ ဒီမူးယစ်ဆေးဝါးဆိုတာဟာ စမ်းသပ်လို့ကောင်းတဲ့ အရာမဟုတ်သလို၊ စွဲလမ်းစေတာကြောင့် အသိ၊ သတိနဲ့စဉ်းစားပြီး ရှောင်ရှားကြစေလိုပါကြောင်း၊ ဥပဒေအကြောင်းနဲ့ပတ်သက်လို့ ဥပဒေဟာ အလွန်အရေးပါတဲ့အချက်ဖြစ်ပြီး ပြည်သူတွေအားလုံးက လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်လုပ်ကိုင်နေကြမယ်ဆိုရင် ဥပဒေတွေပေါ်ပေါက်လာမှာမဟုတ်ကြောင်း၊ ဥပဒေအကြောင်း သိသင့်သိထိုက်သလောက် သိထားဖို့လဲလိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်တို့အနေနဲ့ လူငယ်ဘဝမှာ အခုလိုကျင်းပတဲ့ ပွဲတွေကနေ အသိပညာတွေများစွာ ရှာမှီးကာ၊ စာအုပ်စာပေတွေကနေလည်း လေ့လာသင်ယူကြပါလို့ တိုက်တွန်းလိုပါကြောင်း၊ ဒါမှ အသိပညာ၊ အတတ်ပညာတွေနဲ့ ပြည့်ဝတဲ့ စဉ်းစားတတ်တဲ့ လူကောင်းလူတော်တွေဖြစ်လာကြပြီး အနာဂါတ်ရဲ့ နိုင်ငံတော်ကို အကောင်းဆုံးဖြစ်အောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး)မှ ဒေါက်တာတင်ဆန်းက ပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ဥပဒေအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောပို့ချခဲ့ကြောင်း သိရသည်။
မောင်ညီညာ