စေတုတ္တရာ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု (တတိယ)ပတ်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ၏ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် မိခင်ကျန်းမာရေးဆိုင်ရာပြိုင်ပွဲနှင့် အာဟာရဖြစ်အစားအစာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေ့ဦးစွာ စေတုတ္တရာမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်က ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များမှ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်ပြုမှုဆောင်ရွက်ရမည့်နည်းလမ်းများ၊ အာဟာရဖြစ်စေမည့်အစားအစာများ ရွေးချယ်စားသုံးခြင်း၊ ရှောင်ကြဉ်ရမည့်အစားအစာတို့ကို အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများက မိခင်ပြိုင်ပွဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မေးခွန်းများမေးမြန်းရာ၌ အထွေထွေကျန်းမာရေးအခြေအနေ၊ အထွေထွေရောဂါကင်းရှင်းမှု၊ အာဟာရချို့တဲ့ခြင်းကင်းရှင်းမှု၊ ကျန်းမာရေးအသိပညာရှိမှုတို့တွင် ပါရှိရမည့်အချက်များကို မေးမြန်းစစ်ဆေးရာ တက်ရောက်လာသော မိခင်များက ဖြေဆိုယှဉ်ပြိုင်ကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်လှိုင်စုခိုင်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်၍ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု မိခင်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကိုယ်ဝန်ဆောင်မိခင်များ နို့တိုက်မိခင်များအား ဆုငွေနှင့် အာဟာရဖြစ် အစားစာများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူနာပြုဆရာမများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)