ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

ဒေးဒရဲ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) ရပ်ကွက်ရှိ၊ မြို့မ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန့်ပုသိမ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရန်နှင့် သွားတိုက်နည်းစနစ် မှန်ကန်စွာအသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ဟာ ဗဟုသုတဆိုင်ရာများ မေးမြန်းခြင်းနှင့် ဆုရရှိသူများ အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုစစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း