ရွှေဘို ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ပြပွဲပြိုင်ပွဲများကို ယနေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ပြပွဲပြိုင်ပွဲများပြုလုပ်ရာတွင် ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင်အသိပညာ ဗဟုသုတတိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဥ်ကပင်အသုံးပြုတတ်လာစေရန် ဆေးရောင်ခြယ်ပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲနှင့် ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြပြီး ပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာဝင်ရောက် ယှဥ်ပြိုင်ကြသည်။
ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ ၂၅ ဦးတို့က ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ကြပြီး လာရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်နှင့်ခဲတံများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)