ရွှေကျင် ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီက ရှမ်းကြေးရပ်ကွက်အ-ထ-က(တပ်နယ်)၊ ပညာအလင်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုအောင်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ကြရန်အတွက် လူကုန်ကူးမှုအန္တရာယ်များအကြောင်းနှင့် လူငယ်ရေးရာအသိပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့် ဒေါ်မို့မို့သွင်(ရုပ်/သံ) ကျွမ်းကျင်-၃ တို့က ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့်ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်များအား ဖတ်ရှုစေရန်ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)