ပဲခူးမြို့၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပ

ပဲခူး ဩဂုတ် ၁၅

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် နာရီက ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီနာယကအဖွဲ့ဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ယခုကျင်းပသည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် မြန်မာ့ယဥ်ကျေးမှုကို ဖော်ထုတ်ပြသသည့်ပွဲဖြစ်ပြီး ပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းအားဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအနုပညာကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြသည့် ရွက်ပုန်းသီးအနုပညာရှင်များစွာ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားတိုးတက်လာမှာဖြစ်ပြီး ပြိုင်ပွဲဝင်လူငယ်မောင်မယ်များအနေဖြင့်လဲ တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများအထိ တက်လှမ်းနိုင်ဖို့ ကြိုးစားယှဥ်ပြိုင်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်များလိုက်နာယှဥ်ပြိုင်ရမည့် စည်းကမ်းချက်များ၊ အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်များက သတ်မှတ်အဆင့်အလိုက် ခေတ်ဟောင်း/ ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ်/ဇာတိဂုဏ် (အဆို) ပြိုင်ပွဲများနှင့် သတ်မှတ်အဆင့်အလိုက် အကပြိုင်ပွဲများ၊ ကဗျာလွတ်အကပြိုင်ပွဲများ၊ အတီးပြိုင်ပွဲများ၊ တစ်ဦးချင်းရုပ်သေးကြိုးဆွဲပြိုင်ပွဲများ ယှဥ်ပြိုင်သီဆိုကပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များ၊ ဝါသနာရှင်ပြည်သူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပဲခူးခရိုင်အဆင့်ပြိုင်ပွဲတွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်()မြို့နယ်မှ ဝါသနာရှင်အဆင့် ကျား(၂၄)ဦး၊ အခြေခံပညာအဆင့် ကျား(၅၀)ဦး၊ စုစုပေါင်း ကျား(၇၄)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)