ဝေါ ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူးချွန်ဆုရကျောင်းများနှင့် စာစီစာကုံး/ပန်းချီပြိုင်ပွဲဆုရ ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉း၃၀ က ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဝေါမြို့နယ်ကျောင်းကျန်းမာရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဆုဝေကျော်က ကျောင်းကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသားကျောင်းသူများက ဆေးတွေနှင့်ကမ္ဘာတေးကဗျာဖြင့်လည်းကောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာခြင်းတေးကဗျာတို့ဖြင့် တင်ဆက်သရုပ်ပြသသည်။
ထို့နောက် ဝေါမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ၂၀၂၄ ခုနှစ်တွင် ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်းထူးချွန်ဆုရ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တွင်ရရှိခဲ့ကြသော အခြေခံပညာကျောင်းများနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အခြေခံပညာထက်၊ လယ်၊ မူ အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသားကျောင်းသူများအား မြို့နယ်ပညာရေးမှူးဦးကြည်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)