ကော့သောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝ၍ အချင်းချင်းမျှဝေဖလှယ်နိုင်ရန်လူငယ်စကားဝိုင်းကျင်းပ

ကော့သောင်း ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၃) အေးရိပ်ငြိမ်ကျောင်း၌ ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မေဇင်ဦးနှင့် ပညာရေးဌာနမှ ဆရာဦးသန်းကျော်တို့က Moderator အဖြစ်ဆွေးနွေးပွဲကို စတင်ပြီး Grade- 11 မှ မပင်ဇာခြည်က လူငယ်နှင့်စာပေခေါင်စဉ်ဖြင့်လည်းကောင်း၊ Grade- 11 မှ မောင်အုပ်စိုးသာက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11 မှ မောင်ထွန်းလင်းအောင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို နိုင်ငံတော်ကတန်ဖိုးထားရသည့်အနာဂတ်၏ သားကောင်းရတနာလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂဆိုသော ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်များအဖြစ် ရှင်သန်တိုးတက်ရန်၊ အသိပညာဗဟုသုတများကိုစာအုပ်စာပေကောင်းများမှတဆင့် လေ့လာဖတ်ရှုမှတ်သား၍ အသိပညာတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အထများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်တက်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြား တတ်စေရန်၊ အဖွဲ့အစည်းများတွင် ဦးဆောင်ဆွေးနွေးတတ်သူများနှင့် ပါဝင်ဆွေးနွေးတက်သူများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)