ဒေးဒရဲ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာရေးလုပ်ငန်းများ အပတ်စဥ်စုပေါင်းဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးလယ်မြေများ အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းမှစိုက်ခင်းသို့ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားရန်၊ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက် ရှိသည့် ကျေးရွာလမ်း၊ စာသင်ကျောင်း၊ ကျန်းမာရေးဌာနများ တည်ဆောက်ပြီးစီးမှုနှင့် အခက် အခဲများကို အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး သက်နိုင်ဦးက ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် နယ်မြေအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဒေသခံတောင်သူများ ပန်းတိုင် အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်ပပျောက်ရေးလုပ်ငန်းများ၊ မျိုးစေ့ချကရိယာများ ထောက်ပံ့ပေးအပ်လျက်ရှိသည့်လုပ်ငန်းများ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ မိုးစပါးစိုက်ပျိုးသည့်ဧကများ တစ်ဧက စပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်လျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက်ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း