တိုက်ကြီး နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်ခန့်က ရန်ကုန်-ပြည်ကားလမ်း ဂျိုးဖြူကျေးရွာအုပ်စု ဂျိုးဖြူကျေးရွာ အနီး မိုင်တိုင် (၅၀/၅ နှင့် ၅၀/၆) အကြားတွင် ဂါလံ(၂၈၀၀)ဆံ့ပရီမီယမ်ဒီဇယ်ဆီ တင်လာသော (၈)ဘီးယာဉ် ဆီဘောက်ဆာကားသည် ဂျိုးဖြူကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်ထဲရှိ အိမ်ဝန်းအတွင်းသို့ ထိုးကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ တိုက်ကြီးမြို့မှ ဥက္ကံမြို့သို့ ယာဉ်မောင်း ဦးခင်မောင်လွင် မောင်းနှင်သော ဖြူပြာစိမ်းကြား (၈)ဘီးကား ဂါလံ(၂၈၀၀)ဆံ့ ပရီမီယမ် ဒီဇယ်ဆီတင် ဆောင်လာသော ဘောက်ဆာမှာ ဂျိုးဖြူကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲရှိ အိမ်ဝန်းအတွင်းသို့ ထိုးကျကာ ယာဉ်တိမ်းမှောက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကာ လူနေအိမ် (၄)လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဆီဘောက်ဆာယာဉ်မောင်း အသက်(၃၁)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်ထိုးကျရာ နေအိမ်ဝန်းအတွင်းရှိ အသက်(၆၅)နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ ဝက်သုံးကောင် သေဆုံးခဲ့ပြီး ဂါလံ(၂၈၀၀)ဆံ့ ပရီမီယမ် ဒီဇယ်ဆီတင်ဆောင် လာသော(၈)ဘီးယာဉ် ဆီဘောက်ဆာကားတစ်စီး၊ လူနေအိမ် (၄)လုံး ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုက်ကြီးမြို့နယ် မီးသတ်စခန်းနှင့်အတူ ဥက္ကံမြို့၊ မှော်ဘီမြို့နယ်၊ ထောက်ကြန့်မြို့၊ အင်းစိန်မြို့နယ် မီးသတ်စခန်းများမှ သန္ဓေတပ်ဖွဲ့ဝင် (၁၀၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ FOAM (ဆီ မီးလောင်ရာတွင် ငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၉)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ သူနာပြုယာဉ်(၁)စီး စုစုပေါင်း ယာဉ်(၂၅)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၈) နာရီ အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)