လိပ်သို ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ နော်ဘွေဖောက ကျောင်းသား/ကျောင်းသူများအား အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ လူငယ်တို့သည် လာမည့်အနာဂတ်ကာလတွင် တိုင်းပြည်၏ ခေါင်းဆောင်၊ နိုင်ငံ၏ ခေါင်းဆောင်များ ဖြစ်ကြရမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း၊ တိုးတက်ကြီးပွားမှု၏ အောင်မြင်မှုသည် လူငယ်တို့၏ စွမ်းဆောင်ချက်အပေါ်တွင် မူတည်နေကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင် ပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအားမေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)