ငါးသိုင်းချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ငါးသိုင်းချောင်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်(၁၀)နာရီက (အ.မ.က)ရွှေတောင်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ထိုအသိပညာပေးဟောပြောပွဲတွင် အ.မ.က(ရွှေတောင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမြတ်နန္ဒာက အဖွင့်အမှာစကားပြောကြားပြီး ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် လူကုန်ကူးမှုခံရနိုင်သည့်  အန္တရာယ်များကို သိရှိစေရန်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့်က ဗဟုသုတ တိုးပွားစေရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကို ဖတ်ရှုစေခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုခံရနိုင်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)