ရှမ်းရွာသစ် ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်ဦးမြင့်မောင်က စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များက မောင်မောင်ထွန်း ဘာသာပြန်ဆိုထားသည့် “ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအဘိဓာန်” စာအုပ်တွင်ပါရှိသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်သော အရစ္စတိုတယ်၊ အလက်ဇန္ဒားဂရေဟမ်ဘဲလ်နှင့် အာခီးမီးဒီးပုဂ္ဂိုလ်များ အကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)