ငဖဲ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သန်းသန်းနှင်းနှင့် ဝန်ထမ်းများက ကာကွယ်ဆေးထိုးလာရောက်သည့် မြို့ပေါ်ရပ်ကွက်များမှ ကလေးမိခင်များအား ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေးပေးသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး ကလေးငယ်များကို ကိုယ်အလေးချိန်တိုင်းတာခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်းနှင့် အရပ်တိုင်းတာခြင်းများ ဆောင်ရွက်ကာ ငဖဲမြို့နယ်အတွင်းရှိ အသက်ခြောက်လမှ ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများကို တိုက်ကျွေးပေးခဲ့သည်။
ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မွေးစမှ အသက် (၁၀) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကာကွယ်ဆေးများကို လစဉ်ပုံမှန် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)