ပုသိမ် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကို လစဉ်ပြုလုပ် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများနှင့်ပတ်သက်၍ လာရောက်ရင်းနှီးမြှုပ်နှံမှုများပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့်အချို့သောကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအားအကောင်အထည်ဖော် ဆောင်ရွက်နိုင်သော်လည်း အချို့သောကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်မှုအားနည်းနေသည်ကိုလည်း တွေ့ရပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား ကြပ်မတ်စစ်ဆေး ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များအား ဖိတ်ခေါ်သွားရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုပ်ငန်းတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဥပဒေ၊ လုပ်ထုံး လုပ်နည်း နှင့်အညီဖြစ်စေရေး ဆွေးနွေးပေးကြရန်”အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီများမှတာဝန်ရှိသူများက ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲ သန့်စင်ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရှယ်ယာပိုင်ဆိုင်မှု အချိုးပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား ပြောင်းလဲပြင်ဆင်ခွင့် ပြုပါရန်တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားမတည် ငွေရင်းပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၏အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)