ကျွန်းစု ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ ကျင်းပသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအား အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဉ်ထဲမှ စာပေ၏အရေးပါမှု၊ နေ့စဉ်ပြောဆိုနေတဲ့စကားအပြောဆို လူ့ဘဝနေထိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုများနှင့်ပတ်သက်၍ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11 မှ မသီရိဖြူစင်၊ မောင်ဝင်းထွဋ်လင်း၊ မောင်ဇင်ဖြိုးမောင်၊ မသင်းရနံ့နှင့် မအိန္ဒြေစိုးစိုးကျော်တို့က ပါဝင်ဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပေးအပ်သော ဂုဏ်ပြုလွှာများကို မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ပါဝင်ဆွေးနွေးသော ကျောင်းသား/သူများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)