မြိတ် ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က(၈)မြိတ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျောင်းသား/သူလူငယ်များကို သူငယ်ချင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲ သတ္တိရှိလာစေရန်၊ သူငယ်ချင်းအချင်းချင်း အသိပညာဗဟုသုတများ ပြန်လည်ပြီး မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းကို ကျင်းပခြင်းဖြစ်သည်။
စကားဝိုင်းဆွေးနွေးပွဲ၌ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဆွေးနွေးပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်းကျောင်းသား/သူ(၄)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)