သဲကုန်း ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်အေးစန်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများအကြောင်းနှင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း စားသောက်နေထိုင်ပုံနှင့် ဆောင်ရန်/ရှောင်ရန်များ၊ မီးမဖွားမီဖြစ်ပေါ်လာနိုင်သည့် ရောဂါဝေဒနာလက္ခဏာများ၊ ကလေးငယ်များတွင် ဖြစ်ပွားနိုင်သောရောဂါများ၊ ကာကွယ်နိုင်သောနည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန်များကိုများကို ဆွေးနွေးဟောပြောပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်(၆)ဦးနှင့် ကလေးငယ်(၉၈)ဦးအား ဗီတာမင်အေအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အဟာရချို့တဲ့သော ကလေးငယ်များအားအဟာရပြည့်နို့မှုန့်များ ဝေငှခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်တွင် ၅ နှစ်အောက် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ပြီး တတိယအပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေးလုပ်ငန်းများကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)