ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ထားဝယ် ဩဂုတ် ၁၅

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြဘုတ်များနှင့်စာအုပ်စာစောင်များပြပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းသား/သူများအနေဖြင့် စာပေများကို အဆက်မပြတ်လေ့လာဖတ်ရှုကြရန်နှင့် စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သောအတွေးအခေါ်အမြော်အမြင်များ ရရှိလာမှာဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် ကျောင်းသားလူငယ်များအနေဖြင့် အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတနှင့်ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/သူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့်အချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)