သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သံတောင်ကြီး ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ လူကုန်ကူးခြင်းနှင့်ပတ်သက်၍သိရှိစေရန် ယမန်နေ့နေ့လည် (၂)နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်မှ အဖွင့်အမှာစကားပြောကြားပြီး သံတောင်ကြီး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကြည်က  လူကုန်ကူးခြင်းမှလွတ်မြောက်သူများနှင့်လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုအန္တရာယ်ကြုံတွေ့နိုင်သည့်သူများ၊ အလုပ်လာကမ်းလှမ်းပါက ကမ်းလှမ်းသည့်သူကို မေးသင့်သည့်မေးခွန်းများ စသည်တို့ကိုဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်ပြီး သံတောင်ကြီးမြို့မှ ရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးဦးမှ လူကုန်ကူးသူများ၏ထိန်းချုပ်ခြင်းနည်းလမ်းများ၊ လူကုန်ကူးသူများ၏နည်းလမ်းများ၊  လူကုန်ကူးခြင်းအမျိုးအစားများ  စသည့်တို့ကို ဆွေးနွေးပြီး သံတောင်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်ထိုက်က လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူတွေဘာကြောင့်လူကုန်ကူးခံရသလဲ၊ ပြည်ပမှ အလုပ်သွားလုပ်ပါက ယုံကြည်စိတ်ချရသည့်သူများနှင့်သာ ချိတ်ဆက်ဆောင်ရွက်ရန် စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသူ/ကျောင်းသားများက ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

နော်နော်မူ