ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့်အလေ့အကျင့် ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် Grade-8 မှ မဖူးပွင့်ခိုင်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် အတွဲ(၅၀)၊ အမှတ်(၁၂) သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် စာအုပ်မှ ကိုကျော်စွာ(ကျိုက်ပိ) ရေးသားသည့် လူငယ်နှင့် အောင်မြင်မှုနည်းလမ်းများ ဆောင်းပါးပါ လူငယ်များအနေဖြင့် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလိုပါက ရည်မှန်းချက်ကို ခိုင်ခိုင်မာမာထားရှိပြီး ဇွဲ၊ လုံ့လဝီရိယရှိရှိ ကြိုးစားကြရန်လိုအပ်ကြောင်း၊  အောင်မြင်မှုရရှိရေးအတွက် လိုက်နာလုပ်ဆောင်ရမည့်နည်းလမ်းများ နှင့် Grade-7 မှ မောင်မြတ်ဇင်ထွန်း က မောင်ဒီပ(ပညာရေး) ရေးသားသည့် မကောင်းသည့်အကြံကို ကြံစည်သူ၊ မကောင်းသည့်စကားကို ပြောသူ၊ မကောင်းသည့်အလုပ်ကိုလုပ်သူသည်လူမိုက်ဖြစ်ကြောင်း၊ ဥစ္စာ၊ ပညာ၊ ရာထူး၊ ဂုဏ်တို့နှင့် ဖုံးကွယ်ထားသည့်လူမိုက်များကို သိနိုင်ရန် ခဲယဉ်းကြောင်းနှင့် လူမိုက်နှင့် အတူယှဉ်တွဲနေထိုင်ရပါက သတိကြီးစွာထားရမည်ဖြစ်ကြောင်းစသည်တို့ကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းနှင့် ပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် လစဉ်ပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)