ဖျာပုံ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ဖျာပုံမြို့ နယ် အ-ထ-က (ကနိ)ကျောင်း ၊ ကျော်ဇံဦးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စကားဝိုင်းပြုလုပ်ရာတွင် ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္စာဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ် နွယ်နွယ်လှိုင်တို့နှင့်အတူ Grade (12) မှ မောင်ဥာဏ်လင်းထက်က"လူငယ်နှင့် အားကစား"၊ မဝင်းပပဖြိုးက "မျိုးချစ်စိတ်ဓာတ်နှင့် ယနေ့လူငယ်"၊ Grade (11) မစုစုလွင် က"ကျောင်းသားနှင့် ကိုယ်ကျင့်တရား" ၊ မောင်နေလင်းဇော်က "ကျောင်းသားနှင့်စာအုပ်စာပေ"စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး၊ အ-ထ-က (ကနိ) ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမြမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ဖျာပုံခရိုင် အမျိုးသမီးရေရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ-ထ-က(ကနိ)ကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦးကျော် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)