တောင်ငူမြို့၌ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

တောင်ငူ သြဂုတ် ၁၅

မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ကေတုရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်သဘင်ဥက္ကဋ္ဌ ဒေါ်မြသိန်းက အမှတ်ပေးစည်းမျဥ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အဆို (အခြေခံ ၁၀-၁၅၊ အဆင့်မြင့်ပညာ၊ ဝါသနာရှင်ဒုတိယ၊ အခြေခံ ၁၅-၂၀) တွင် ဝင်ရောက်ယှဥ်ပြိုင်သူ (၂၁)ဦး၊ အက (အခြေခံ ၁၀-၁၅၊ အဆင့်မြင့်ပညာ၊ ဝါသနာရှင်ဒုတိယ၊ ကဗျာလွတ်)တွင် ဝင်ရောက်ယှဥ်ပြိုင်သူ (၄၀)ဦး၊ အတီး (အခြေခံ ၁၀-၁၅၊ အခြေခံ ၁၅-၂၀၊ ဝါသနာရှင်ပထမ၊ ဝါသနာရှင်ဒုတိယ၊ အဆင့်မြင့်ပညာ)တွင် ဆိုင်းဝိုင်းကြီး၊ တစ်ကိုယ်တော်ဆိုင်း၊ စန္ဒယား၊ ပတ္တလား၊ မယ်ဒလင်၊ တယော၊ ဒုံမင်း၊ အိုးစည်၊ ဒိုးပတ်တို့ဖြင့် ဝင်ရောက်ယှဥ်ပြိုင်သူ (၄၁)ဦး၊ စုစုပေါင်း (၁၀၂)ဦးို့က ပါဝင်ယှဥ်ပြိုင်ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)