သရက်မြို့၌ စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သရက် ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောရာမှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် နိုင်ငံသားများ အသိပညာမြင့်မားအောင် ဆောင်ရွက်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးကို စာကြည့်တိုက်ကော်မတီဝင်အားလုံးက ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းနှင့် မြို့နယ်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနေဖြင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးကို ကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားပေးခဲ့ပြီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင်မြင့်ဆွေက ခရိုင်အတွင်း ငွေကျပ်သိန်း(၁၅၀)ဖြင့် စာကြည့်တိုက်ဆောက်လုပ်နေမှု အခြေအနေနှင့် စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းထားရှိမှု အခြေအနေများအား တင်ပြပေးခဲ့သည်။

ထို့နောက် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက စံညီစာကြည့်တိုက် (၁၆) တိုက်သို့ စာအုပ်များ လှူဒါန်းထားရှိလျက်ရှိကြောင်း ပြောကြားပေးခဲ့ပြီး မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်နှင့် မင်လှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ငွေကျပ်သိန်း(၁၅၀)ဖြင့် ဆောက်လုပ်နေသည့် စာကြည့်တိုက် အခြေအနေများကို တင်ပြပေးခဲ့သည်။ ယင်းနောက် ကော်မတီဝင်များမှ တင်ပြဆွေးနွေးမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)