ဆိပ်ဖြူမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ဆိပ်ဖြူ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်း၊ အထက်တန်းအဆင့် ကျန်းမာရေးဆိုင်ရာမေးခွန်း (၁၀၀) ဖြေဆိုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ် အ.ထ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကျန်းမာရေးဆိုင်ရာမေးခွန်း  (၁၀၀)  ဖြေဆိုပြိုင်ပွဲတွင် ဆိပ်ဖြူမြို့နယ် အခြေခံပညာကျောင်း (၁၀)ကျောင်းမှ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး၊ အလယ်တန်းအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး စုစုပေါင်း (၁၀၀)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ အ.ထ.က ကျောင်း နဝရတ်ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြိုင်ပွဲဝင်ဆုရ ကျောင်းသားကျောင်းသူများကို ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထက်အောင်က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ညွန့်နန္ဒာတင်