မင်းဘူးခရိုင်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း (၁၇၀၀၀၀) ကျော် လျာထားစိုက်ပျိုး

မင်းဘူး ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆန်၊ စပါး ဖူလုံစေရန် မိုးစပါးကို ဧကပေါင်း (၁၇၀၀၀၀) ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဧကပေါင်း (၉၀၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် မင်းဘူး(စကု)မြို့နယ်၌ (၄၀၉၃၂) ဧက၊ ပွင့်ဖြူမြို့နယ်၌ (၆၉၉၄၄) ဧက၊ စလင်းမြို့နယ်၌ (၄၇၆၇၇) ဧက၊ ငဖဲမြို့နယ်၌ (၉၃၅၆) ဧကနှင့် စေတုတ္တရာမြို့နယ်၌ (၅၆၇၈) ဧကဖြင့် မင်းဘူးခရိုင်၌ စုစုပေါင်း (၁၇၃၅၈၇) ဧကအထိ စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး အစိုးရဆည်တမံများမှ မိုးစပါးအတွက် စိုက်ပျိုးရေများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ တတိယအပတ်မှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 မင်းဘူခရိုင်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးရာ၌ ဆည်ရေသောက်ဧရိယာများနှင့် မိုးကောင်းသောက် ဧရိယာများတွင် အစိုးရဆည်တမံ၊ လျှပ်စစ်ရေတင်၊ မြေအောက်ရေ၊ ရေစုပ်စက်၊ ဆည်ငယ်ကန်ငယ်၊ မိုးရေသောက်စနစ် စသည့် ရေရရှိရေးနည်းလမ်း (၆) ခုဖြင့် စိုက်ပျိုးစနစ် နည်းလမ်းမျိုးစုံအသုံးပြု၍ ဒေသစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ အများဆုံးရွေးချယ် စိုက်ပျိုးသော စပါးမျိုးများမှာ ဈေးကွက်အရ အရည်အသွေးကောင်း ဧရာမင်းနှင့် အထွက်ကောင်းစပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ပခန်းရွှေဝါ၊ ဆာဖိုးသာ၊ GW-11 စပါးမျိုးများအပြင် ရေအနည်းလို-၇ နှင့် ရက်-၉၀ စပါးမျိုးများကိုလည်း ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း (၁၇၃၅၈၇) ဧကစိုက်ပျိုးရန် စီမံကိန်းလျာထားဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၁၅ ရက်နေ့အထိ ခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ဧကပေါင်း (၉၃၈၇၉) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးချိန် စီမံကိန်းလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးတို့အတွက် တောင်သူပညာလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)