ဘားအံ ဩဂုတ် ၁၅
ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်းရေးအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရန်လိုအပ်ပြီး ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကာ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်လိုကြောင်း၊ ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရစေရန် ဖွဲ့စည်းပေးထားသော လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များက ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူးများ၊ ကုန်သည်ကြီးများအသင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး၊ စက်သုံးဆီနှင့်စားသုံးဆီဈေးနှုန်းများ၊ ဆန်၊ ဆီနှင့်အခြားစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး၊ သက်ဆိုင်ရာခရိုင်များအလိုက် အကောက်အခွန်မဲ့တရားမဝင်ကုန်ပစ္စည်းများ အရေးယူဆောင်ရွက်မှု၊ သီးနှံအထွက်နှုန်းတိုးရေးနှင့်စိုက်ပျိုးစွမ်းအားတိုးမြှင့်ရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများအဆင့်မြှင့်တင်ရေး၊ ကုန်ဈေးနှုန်းဆိုင်ရာမသမာမှုများနှင့် ဘေးဖြစ်စေနိုင်သော စားသောက်ကုန်ထုတ်လုပ်မှုတိုက်ဖျက်ရေးအစရှိသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထိုသို့ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၅/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ရန်ရှိပြီး ဌာနဆိုင်ရာများအနေဖြင့် အဓိကကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ မဖြစ်မနေစားသုံးရမည့်ရိက္ခာများကို စိုက်ပျိုးလုပ်ကိုင်ကြရန်နှင့် စားသုံးဆီဖူလုံရေးအတွက် နှမ်း၊ မြေပဲ၊ နေကြာသီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေးစည်ရုံးဆောင်ရွက်ကြစေလို ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို သမဝါယမစနစ်ဖြင့်ဆောင်ရွက်ခြင်းသည်အကောင်းဆုံးဖြစ်၍ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး MSME လုပ်ငန်းများမှ စားကုန်၊ သောက်ကုန်၊ သုံးကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ် (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တင်ပြဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)