သရက်ချောင်း ဩဂုတ် ၁၅
ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေး ဟောပြောရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိ ပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ စာအုပ်၊ စာပေများ ဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စကားလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများက စည်းမျဉ်း၊ စည်း ကမ်းများနှင့်အညီ စနစ်တကျဝင်ရောက်ယှဉ်ကြရာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ခင်းကျင်းပြသထားသော မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ သုတ၊ ရသ၊ စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)