ဖြူးမြို့နယ်၊ ထန်းကုန်းအခြေခံပညာ မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ဖြူး သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများအား အသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းက ထန်းကုန်းအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား စာအုပ်၊ စာပေဖတ်ရှုနိုင်စေရေး၊ မူးယစ်ဆေးဝါးအကြောင်းနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးအကြောင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သည့် စာအုပ်အမျိုးအစားများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများစားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုံးဘီးဆိုင်ကယ်ဖြင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကလေးစာပေများ ဖတ်ရှုစေခြင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များကို ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)