လွိုင်ကော် ဩဂုတ် ၁၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် ဘီလူးချောင်းအတွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့တက်ရောက်၍ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား သရုပ်ပြသကြသည်။ အဆိုပါသရုပ်ပြသလေ့ကျင့်မှုတွင် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ကျရောက်ရာနေရာသို့ ရောက်ရှိလာခြင်း ၊ ပြိုကျပျက်စီးသည့် အထပ်မြင့်အဆောက်အဦအတွင်းမှ ပိတ်မိနေသည့် လူနာများကို ကယ်တင်ခြင်း ၊ လိုဏ်ခေါင်းအား ကျောက်ဖြတ်စက်ဖြင့်ဖြတ်၍ ပိတ်မိနေသည့်လူနာအား ကယ်တင်ခြင်း ၊ ငလျင်ဒဏ်ကြောင့်အထပ်မြင့်၌ မီးလောင်နေမှုကို မီးငြှိမ်းသတ်ခြင်း ၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ရှေးဦးသူနာပြုစုပေးခြင်းနှင့် ဆေးကုသပေးခြင်းစသည့်တို့ကို သရုပ်ပြသလေ့ကျင့်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် မြေပြင် ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးတပ်စု(၂)ပတ်စာရိက္ခာ စုဆောင်းထားရှိမှုများကို လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေပြင်အသက်ကယ်လေ့ကျင့် သရုပ်ပြသခြင်းပြုလုပ်မည့် ဘီလူးချောင်းဘေးနေရာသို့သွားရောက်ကာ ရေပြင်ကယ်ဆယ်ရေး အဖွဲ့များ၏သရုပ်ပြလေ့ကျင့်ခန်းဖြစ်သည့် ရေပြင်တွင်မျှောပါနေသည့် ပြည်သူနှစ်ဦးအား စက်လှေဖြင့် ကယ်ဆယ်ခြင်း၊ ရေပြင်တွင်မျှောပါနေသည့် ပြည်သူငါးဦးကို ရေပြင်ကယ်ဆယ်ရေး ကိရိယာ (Intellegent Lifebuoy)များဖြင့်ကယ်ဆယ်ခြင်း ၊ ရေပြင်တွင် မျှောပါနေသည့် ပြည်သူနှစ်ဦးကို ရေပြင်ကယ်ဆယ်ရေးကိရိယာ (Intellegent Lifebuoy)များဖြင့် ကယ်ဆယ်ခြင်းစသည့် သရုပ်ပြသ လေ့ကျင့်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ်လေ့ကျင့်သရုပ်ပြခြင်းတွင် ပါဝင်သရုပ်ပြသသူများအား အမှာစကားပြောကြားရာတွင် ယခုပြသမှုများကို အကောင်းဆုံးဆောင်ရွက်နိုင်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ အသိမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း ၊ ယခုလေ့ကျင့်မှုများသည် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန် တက်တက်ကြွကြွ ရှိနေရမည်ဖြစ်ကြောင်း၊ အကြောင်းမျိုးမျိုးကြောင့် လေ့ကျင့်မှုများ ပြတ်တောက်ခဲ့ရသော်လည်း ယခုအချိန်မှစ၍ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ရေပြင်အသက်ကယ်လေ့ကျင့် သရုပ်ပြခြင်းတွင်ပါဝင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)