ပဲခူး ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယနေ့မွန်းလွဲပိုင်းက ပဲခူးခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်းများမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများအတွင်း မိုးစပါး ပြန်လည်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွအုပ်စု၊ ဖဲရဲကွင်း၌ ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် သက်တမ်းတူ၊ မျိုးတူ စပါးပျိုးပင်များ ကောက်စိုက်လုံမေများဖြင့် ပြန်လည်အစားထိုးစိုက်ပျိုးနေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသတွင်းရေကြီးနစ်မြုပ်သည့် လယ်မြေများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မြို့နယ်အလိုက် ဇူလိုင်လဒုတိယအပတ် ရေမကြီးခင်ကာလကပင် အရံပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်၍ ပျိုးပင်များကို စိုက်ပျိုးမည့် လယ်မြေများအထိ အရောက်ပို့ဆောင်ပေးရန်၊ ရေကြီးမှုကြောင့် လယ်မြေများရေလွှမ်းမိုးခဲ့သော်လည်း နှုန်းတင်ခြင်းကြောင့် မြေဆီဩဇာပိုမိုကြွယ်လာပြီး ပြန်လည်စိုက်ပျိုးသည့် လယ်မြေများတွင် သွင်းအားစုများ လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ရေကြီးမှုအလွန် မိုးစပါးစိုက်ခင်းများ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာလုပ်ငန်းဆောင်ရွက်လျက်ရှိသော “လရောက်ခြယ်” ဝမ်းဘဲလေးဓာတ်ဖောက်ဆိုင်သို့ ရောက်ရှိခဲ့ပြီး သဘာဝနည်းဖြင့် ဘဲသားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသားနှင့် ဥစားသုံးမှုဖူလုံပိုလျှံစေရေး၊ သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေး ဘဲမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါဘဲသားပေါက်မွေးမြူရေးလုပ်ငန်းမှ လစဉ်ဘဲသားပေါက်ကောင်ရေ(၁၅၀၀၀၀)ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကတင်ပို့ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စု၊ ဖဲဖောင်တော်ကွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်းမှ သားတက်ပွားဖြင့် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူနှင့်တွေ့ဆုံ၍ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လယ်မြေများအတွက် ပျိုးပင်များ၊ မျိုးစပါးများ လုံလောက်စွာ ကြိုတင်စုဆောင်းထားပြီးဖြစ်၍ တောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေဧရိယာ အပြည့်အဝ စိုက်ပျိုးသွားရန်နှင့် လိုအပ်သည့် ပျိုးပင်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)