ပွင့်ဖြူမြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်

ပွင့်ဖြူ ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိအောင် စနစ်တကျစိုက်ပျိုးဆောင်ရွက်နိုင်ရန်ရည်ရွယ်ကျင်းပသည့် ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက တောင်သူပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေး ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နှင်းမြင့်ခိုင်က ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်းနင်းရမည့်နည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်အချက်များ၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာသုံးစွဲရေးစသည့် တောင်သူများ အလေးထားဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီးတွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူ ၃၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁) စသည့် သီးနှံမျိုးများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက စိုက်ပျိုးရေ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်ရေးဆွေးနွေးပွဲများ၊ သင်တန်းများ၊ ကွင်းသရုပ်ပြပွဲများစသည့် တောင်သူပညာပေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )