ပဲခူး သြဂုတ် ၁၄
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားကွင်းအတွင်းနေရာယူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလံကိုင်တပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ပြီး ဒေသတွင်းမှ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအပြင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ မြန်မာ့ပြေးခုန်ပစ်အားကစားတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မြို့နယ်/ခရိုင်/ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရေးရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သာမန်အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီး ကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အဖြစ် ပေါ်ထွက်လာစေရေး မှတ်ယူယှဉ်ပြိုင်သွားကြရန်၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်(၆)ခရိုင်နှင့် တက္ကသိုလ်/ကောလိပ် အသီးသီးမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်အား ရွတ်ဆိုသစ္စာပြုခဲ့ကြပြီး အလံကိုင်အဖွဲ့နှင့်အတူ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့က သရုပ်ပြတီးခတ်ကပြဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား အားကစားနည်း(၁၄)နည်းပါဝင်ကာ ပွဲစဉ်ပေါင်း(၄၀)ပွဲ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၆)ခရိုင်နှင့် တက္ကသိုလ်၊ ကော်လိပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း၊ အားကစားသမား ဦးရေ(၁၄၄)ဦးတို့ဖြင့် သြဂုတ်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)