မုံရွာ သြဂုတ် ၁၄
အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးတက်ရေးစီမံကိန်းလုပ်ငန်းပါ အခြေခံစက်ချုပ်နည်းပ ညာသင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားကုန်ထုတ်လုပ်ငန်း များထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့် အလမ်းများပါဖန်တီးပေးနိုင်ပြီး နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းနှင့် ပို့ကုန်မြှင့်တင်ရေးအား တိုက်ရိုက်ထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယခုသင်ကြားပေးလိုက်သည့် စက်ချုပ်အတတ်ပညာများကိုအခြေခံပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင် လုပ်ကိုင်ရာတွင် အောင်မြင်အောင်လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက်လည်း မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကိုလည်း ဆက်လက်သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ ယခုတက်ရောက်ခဲ့သည့် သင်တန်းသူများထဲမှ ထူးချွန်ပြီးအမှန်တကယ် လုပ်ငန်းထူထောင်လိုသည့် သင်တန်းသူ (၅) ဦး အားရွေးချယ်ပြီး တစ်ဦးလျှင် ကျပ် (၁၄) သိန်းဖိုးနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများအား ငှားရမ်းအသုံးပြုခွင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးကြိုးစားစားလေ့လာသင်ယူခဲ့ကြသလို မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းတွင်လည်း ယခုလိုပဲကြိုးစားလေ့ လာသင်ယူသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီး နေ့စဉ်ဝင်ငွေရရှိအောင်စွမ်းဆောင်နိုင်ကြပြီး အောင်မြင်သည့်အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များအားပေးအပ်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းထံ သင်တန်းသူတစ်ဦးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပေးအပ်သည်။
ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)