လှိုင်းဘွဲ ဩဂုတ် ၁၄
တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြကျေးရွာ၊ ပအိုဝ်းဓမ္မာရုံ၌ အခြေခံစားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေး၊ တစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင် သည့် လုပ်ငန်းငယ်များ ပေါ်ပေါက်ပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားကို အထောက်အကူပြု စေရန်နှင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကျေးရွာတွင် ထွက်ရှိသော အသီးအနှံများ ကို လေလွင့်မှုနည်းပါးပြီး ဈေးကွက်ဝင် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သင်တန်းထောက်ပံ့ငွေနှင့် သင်တန်းအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို သြဂုတ်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရက်သတ္တပတ် (၁)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထီလုံစံပြကျေးရွာမှ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိကာ သစ်သီးယိုမျိုးစုံ၊ သစ်သီး ဖျော်ရည်၊ နှမ်းယို၊ မြေပဲယိုနှင့် သစ်သီး ဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာ တာဝန် ခံများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)