မအူပင် ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးကွက်ရောက် ကုန်စည်များ၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်ရည်ရွယ်၍ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိအား ယနေ့မွန်းလွဲ (၁) နာရီက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ကျော်သက်နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ အအေးနှင့် အသင့်သောက်အချိုရည်အမျိုးမျိုး၊ မုန့်မျိုးစုံ၊ လက်လီ/လက်ကား လုပ်ငန်းပိုင်ရှင် တို့နှင့်တွေ့ဆုံကာ အသင့်သောက် အချိုရည် အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွန်ကြားထားသော ကုန်အညွှန်းအမှတ် အသားဆိုင်ရာ လိုက်နာရမည့်အချက်များ ပါဝင်မှုရှိ/မရှိ၊ FDA တားမြစ်အချိုရည်များရောင်းချမှု ရှိမရှိများအားစစ်ဆေးရာ ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် နေရပ်လိပ်စာ၊ ထားသိုပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ အချိုရည်ပါဝင်မှုပမာဏ (ML)၊ အချိုရည် အမှတ်တံဆိပ်အမျိုးအမည်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံရက်စွဲများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် စနစ်တကျဖော်ပြပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)